ဉာဏ်ရည်ထက်မြက်မှု (၅)ရပ် ( PQ IQ EQ SQ CQ )
28 October 2023

လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို သာမန်အားဖြင့် (IQ) နဲ့ တိုင်းထွာလေ့ရှိပါတယ်။ အပြည့်အစုံကတော့ (Intelligence Quotient) (IQ) ဖြစ်ပါတယ်။

လူတစ်ဦးရဲ့ ဉာဏ်ရည်ထက်မြက်မှုကို စနစ်တကျတိုင်းထွာပြီး ရလာတဲ့အဖြေ (Quotient) ကို ရည်ညွှန်းပြီးသတ်မှတ်ထားတာ ဖြစ်ပါတယ်။

လွယ်လွယ်ပြောရရင် ဉာဏ်ရည်ထက်မြက်သူကို တော်တဲ့သူလို့သတ်မှတ်ကြတယ်။ (IQ) မြင့်တဲ့သူဟာ တော်တယ်။ IQ နိမ့်တဲ့သူဟာ ညံ့တယ်လို့ပဲ ယူဆကြတယ်။ နိုင်ငံခြားမှာတော့ IQ ကို စနစ်တကျတိုင်းထွာမှုတွေလုပ်ကြတယ်။

မြန်မာပြည်မှာတော့ ကျွန်တော်သိသလောက် စနစ်တကျလုပ်ထားတာမရှိဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ IQ ဟာ ပျမ်းမျှခြင်း ၈၀ နဲ့ ၁၂၀ အကြားရှိကြတယ်။ ၁၂၀ ထက်များရင် သိပ်ထူးချွန်တယ်လို့ သတ်မှတ်ပြီး ၈၀ ထက်နည်းရင်တော့ ဉာဏ်ရည်နိမ့်တယ်လို့ ပြောလေ့ရှိကြ တယ်။ IQ ဟာ ဗီဇအပေါ်အခြေခံတယ်။ တစ်နည်းပြောရရင် မိဘမျိုးရိုးအပေါ် မူတည်ပါတယ်။

IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်ကအစပြုပြီး အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိတော့တာ တွေ့ရပါတယ်။ တစ်နည်းပြောရင် IQ ဟာ မွေးရာပါအရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။

IQ ကိုတစ်ဖက်က Mental Intelligence ဉာဏ်ရည်ထက်မြက်မှုလို့ ဆိုကြတယ်။ သမားရိုးကျပညာ ရေးစနစ်ဟာ IQ ကိုသာ အာရုံစိုက်တာတွေ့ရတယ်။ ကျောင်းစာမှာတော်ဖို့ မိဘတွေရော၊ ဆရာ၊ ဆရာမတွေပါ တိုက်တွန်းတယ်။ စာတော်ခြင်းတစ်ခုတည်းကိုသာ အလေးထားကြတယ်။

ဒါကြောင့်လည်း အားကစားမလုပ်ဖို့၊ အနုပညာမလိုက်စားဖို့၊ ပေါင်းသင်းဆက်ဆံမှုမှာ အာရုံမစိုက်ဖို့တိုက်တွန်း ပြီးစာတော်ခြင်းဆိုတဲ့ တစ်လမ်းသွားဖွံ့ဖြိုးမှုကို အားပေးခဲ့ကြတယ်။

အခုခေတ်မှာတော့ ဉာဏ်ရည်ထက်မြက်မှု ငါးမျိုးရှိတယ်လို့ လက်ခံလာကြတယ်။ လူတစ်ယောက်ဟာ အောင်မြင်တဲ့သူဖြစ်ဖို့ ဒီဉာဏ်ရည်ထက်မြက်မှုငါးမျိုးကို ပြုစုဖို့လိုအပ်တယ်လို့ လက်ခံလာခဲ့တယ်။

ပထမဆုံးဉာဏ်ရည်ထက်မြက်မှုကတော့ Physical Intelligence (PQ) ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် (PI) ဖြစ်သင့်တယ်လို့ ထင်ကြမှာပါပဲ။ ဒါပေမယ့်စောစောက ကျွန်တော်တင်ပြခဲ့သလို Quotient ဆိုတဲ့ရလဒ်အဖြေကို ရည်ညွှန်းတာပါ။

PQ ကအမှန်တော့ ကျန်းမာရေးနဲ့ဆိုင်တယ်။ လူတစ်ယောက်ဟာ ကျန်းမာဖို့လိုအပ်တယ်။ မကျန်းမာရင် ကျန်တာဘာမျှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်ကျွန်တော်က လူငယ်တွေအအနေနဲ့ PQ ကို အာရုံစိုက်စေချင်တယ်။

မိဘတွေအတွက်လည်း စဉ်းစားသင့်ပါတယ်။ ကလေးတွေကို အားကစားလုပ်ဖို့ အားပေးရမယ်။ ကျောင်းတွေမှာလည်း အားက စားကိုထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့ အရေးကြီးလှပါတယ်။

တစ်ချိန်တုန်းက အားကစားကို အားမပေးခဲ့ဘူး။ မလိုအပ်တဲ့ စိုးရိမ်မှုတွေကြောင့် အားကစားလုပ်တာတွေကို အဟန့်အတားပြုခဲ့တယ်။ ဒါကြောင့်ကျွန်တော်ကတော့ လူငယ်တွေအတွက် အားကစားမြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ်။

တစ်ခါကကျွန်တော်တင်ပြခဲ့သလို အားကစားလုပ်ခြင်းဟာ ကာယဖွံ့ဖြိုးမှုသာမက ပြိုင်ဘက်ကိုလေးစားမှု၊ အရှုံးအနိုင်ကို မှန်ကန်တဲ့တုံ့ပြန်နိုင်မှု၊ နားလည်မှုစတဲ့ အကျိုးတရားတွေဟာ ရေတွက်လို့မရနိုင်ပါဘူး။

အားကစားလို့ပြောတဲ့နေရာမှာလည်း ငွေကုန်ကြေးကျများတဲ့ အားကစားမျိုးကိုသာမဟုတ်ဘဲ လူတိုင်းလက်လှမ်းမီတဲ့ အားကစားတွေ အများကြီးရှိပါတယ်။

ဒုတိယဉာဏ်ရည်ထက်မြက်မှုက စောစောကအသေးစိတ်တင်ပြပြီးဖြစ်တဲ့ Mental Intelligence (IQ) ဖြစ်ပါတယ်။

တတိယဉာဏ်ရည်ထက်မြက်မှုက Emotional Intelligence (EQ) ဖြစ်ပါတယ်။EQကမိမိအကြောင်း၊ မိမိရဲ့ခံစားမှု၊ မိမိရဲ့စိတ်ကို သိသလိုမိမိနဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတွေအကြောင်းကိုလည်း သိအောင်ကြိုးစားနိုင်ခြင်း ဖြစ်ပါတယ်။

EQ မြင့်မားတဲ့သူဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဖြစ်ပါတယ်။ အကောင်းဆုံးသာဓကက ဆရာကြီး Gandhi ဖြစ်ပါတယ်။ သူကသူ့ရဲ့တပည့်တွေနဲ့အတူ ဘူတာရုံတစ်ခုက ထွက်တော့မယ့်ရထားကို အမီလိုက်ရင်း စီးလာတဲ့ဖိနပ်တစ်ဖက် ကျွတ်ကျခဲ့တယ်။ ဖိနပ်ကျွတ်တာကိုသိသိချင်း ဆရာကြီးက ကျန်တဲ့တစ်ဖက်ကိုယူပြီး ကျသွားတဲ့ဖိနပ်နဲ့ အနီးဆုံးရောက်အောင် ပစ်လိုက်တယ်။ သူ့ရဲ့လုပ်ရပ်ကို တပည့်တွေက ဘာကြောင့်ဒီလိုလုပ်လိုက်တာလဲလို့ပြောတော့ အခုဆိုရင် ကောက်ရတဲ့သူက ဖိနပ်တစ်ရန်အပြည့်ရပြီလို့ ပြန်ပြောခဲ့တယ်။

IQ မြင့်မားတဲ့သူတွေတိုင်း EQ မမြင့်ကြပါဘူး။ IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူတွေ အများကြီးရှိတာတွေ့ရတယ်။။ မိမိရဲ့ခံစားမှုတွေသာရှေ့တန်းတင်ပြီး တစ်ဖက်သားရဲ့အကြောင်း ထည့်မတွက်တတ်တဲ့သူတွေ အများကြီးရှိနေတာ ဝမ်းနည်းစရာတွေ့ရပါတယ်။

တစ်ခုတော့ရှိပါတယ်။ IQ ဟာ မွေးရာပါဖြစ်ပေမယ့် EQ ကတော့ပြုစုလို့ရတဲ့ အရည်အချင်းတစ်ရပ် ဖြစ်တယ်။ ဘဝမှာအောင်မြင်ဖို့ IQ တစ်ခုတည်းအားကိုးလို့မဖြစ်ဘူး။ EQ ရှိမှပြည့်စုံမှာ။ တစ်ဖက်ကတော့ EQ သာရှိပြီး IQ နိမ့်နေရင်လည်း အဆင်မပြေပြန်ဘူး။

စတုတ္ထဉာဏ်ရည်ထက်မြက်မှုက ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်ပါတယ်။ တစ်နည်းပြောရရင် Spiritual Intelligence (SQ) ဖြစ်တယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ SQ အထူးလိုအပ်နေတယ်လို့ ကျွန်တော်ထင်တယ်။ ယုံကြည်ကိုးကွယ်မှုဟာ မိမိတစ်ဦးချင်းနဲ့ဆိုင်တယ်။

မိမိရဲ့ယုံကြည်ကိုးကွယ်မှုကို မြတ်နိုးဖို့လိုအပ်သလို တစ်ဖက်သားရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားဖို့လိုတယ်။ ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှသိမ်မွေ့တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တယ်။

ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွေကို ယုံယုံကြည်ကြည်နဲ့ လိုက်နာကျင့်သုံးနေသလို အခြားဘာသာဝင်တစ်ဦးရဲ့ ယုံကြည်ကိုးကွယ်မှုကိုလည်း အသိအမှတ်ပြုရမယ်။မိမိဘာသာကောင်းတယ်။ တခြားဘာသာမကောင်းဘူးဆိုတဲ့ အတွေးအခေါ်တွေ မရှိသင့်ဘူး။

အစွန်းတရားတွေကို ရှောင်ရှားဖို့သိပ်လိုအပ်နေပါတယ်။ အခုလိုပြောတာကို လက်မခံတဲ့သူတွေရှိမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြင့်မြတ်တဲ့အတွေးအခေါ်၊ အယူအဆတွေ လူတွေမှာရှိကြ တယ်။ ရှိနိုင်တယ်လို့ ယူဆမိပါတယ်။

နောက်ဆုံးဉာဏ်ရည်ထက်မြက်မှု Cultural Intelligence (CQ) က မျက်မှောက်ခေတ် (၂၁) ရာစုမှာပိုပြီး အရေးကြီးလာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံလာကြတယ်။ ပူးပေါင်းဆက်ဆံမှုဆိုတာကို လက်ခံလာကြတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့လုပ်ငန်းတွေ မြန်မာပြည်မှာ တည်ထောင်လာကြတယ်။ အခုလိုလုပ်ငန်းတွေလုပ်ဖို့ စီစဉ်တဲ့အခါ မြန်မာတိုင်းရင်းသားတွေကို ရှာဖွေကြတယ်။ အကူအညီတောင်းကြတယ်။

ဒီလိုပဲ မြန်မာပိုင်ကုမ္ပဏီတွေကလည်း နိုင်ငံခြားဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားလာတာတွေ့တယ်။ အခုလို ဆောင်ရွက်တာက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အခြေအနေကို သိအောင်ရယ်၊ ပြည်တွင်းအခြေအနေတွေ နားလည်သဘောပေါက်အောင် Cultural Intelligence (CQ) လို့ခေါ်တဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ဉာဏ်ရည်ထက်မြက်မှုကို ပြုစုဖို့ဆိုတာပဲ ဖြစ်ပါတယ်။

ယဉ်ကျေးမှုမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ (CQ) ဟာ အလွန်အရေးကြီးပါတယ်။ (CQ) မြင့်မားတဲ့သူဟာ မိမိရဲ့ယဉ်ကျေးမှုကိုမြတ်နိုးသလို တစ်ဖက်သားရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုတယ်။

လက်နဲ့ထမင်းစားတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ တူနဲ့စားတဲ့ တရုတ်လူမျိုး၊ ဇွန်း၊ ခရင်းသုံးတဲ့ အနောက်တိုင်းရင်းသားတွေရဲ့ အလေ့အထကို ဂရိုစိုက်ရမယ်။ (CQ) မြင့်မားတဲ့သူဟာ ယဉ်ကျေးမှုမတူတဲ့ အခြေအနေမှာ လိုက်လျောညီထွေစွာ လှုပ်ရှားနိုင်သူဖြစ်တယ်။ ဝင်ဆံ့တယ်။ နားလည်တယ်။ အသိအမှတ်ပြုတယ်။

ဉာဏ်ရည်ထက်မြက်မှုတစ်ရပ်ကို အကျဉ်းချုံးတင်ပြရရင် PQ, IQ, EQ, SQ နဲ့ CQ တို့ဖြစ်တယ်။

ဒီဉာဏ်ရည်ထက်မြက်မှု ငါးခုဟာ လူတစ်ယောက်အတွက် အလွန်အရေးပါလှပါတယ်။ PQ မြင့်မားမှုဟာ အသက်ရှင်သန်ရေးနဲ့ပတ်သက်ပြီး IQ ဟာ သင်ယူ၊ ခံယူမှုနဲ့ဆိုင်ပါတယ်။ EQ ကတော့ မေတ္တာတရားနဲ့ဆိုင်ပြီး SQ ကတော့ လူတစ်ဦးရဲ့လေးနက်တဲ့ အမွေအနှစ်နဲ့ ဆိုင်တယ်။ CQ ကတော့ မတူညီမှုကို အားယူနိုင်တဲ့ အားပဲဖြစ်ပါတယ်။

ကျွန်တော်ကတော့ အခွင့်အရေးရတိုင်း လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေလိုတယ်။ အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း အခွင့်အရေးရတိုင်း ဟောပြော မှုတွေလုပ်ပေးတယ်။စာတွေရေးတယ်။

အမှန်တော့ လူငယ်တွေသာမက လူလတ်၊ လူကြီးအားလုံး ဉာဏ်ရည်ထက် မြက်မှုငါးရပ်ကို ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။


0 image 0       
O.J.F.M

The purpose of the Online Job Fair Myanmar is to provide save your time and money, job opportunities through direct contact with employers and employees.

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.