အချိန်ကို အကျိုးရှိစွာ စီမံခန့်ခွဲ အသုံးချနည်း (Time Management Skill)
28 October 2023

လူတိုင်းမှာ ကိုယ်ပိုင်အချိန် ရှိကြတာချင်း တူပါတယ်။ မတူကြတာက အချိန်ကို စနစ်တကျ စီမံခန့်ခွဲ အသုံးချပုံ နည်းလမ်းပါ။

ဒီအချက်အပေါ် မူတည်ပြီးတော့မှ လူချင်းတူပေမယ့်၊ အလုပ် လုပ်ကြတာချင်းတူပေမယ့် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဆိုပြီး အသွင်ဒြပ်ချင်း ကွာခြားသွားကြတာလည်း ဖြစ်တယ်။

အချိန်ဟာ ဘ၀ (Time is life)

အချိန်ဟာ ငွေ (Time is money)

အချိန်ဟာ အသက် (Time is age)

Time Management Skill အချိန်ကို စီိမံခန့်ခွဲ အသုံးချနည်းဆိုတာ…

Understanding how to use your time in effective way between specific activities.

အသေးစိတ် အလုပ်နှင့်အချိန်ကို ဘယ်လို စနစ်တကျ ထိထိရောက်ရောက် အသုံးချမလဲဆိုတာကို နားလည်ခြင်း။ အသုံးချနိုင်ခြင်း။

Good time management enables you to work smarter not harder – so that you get more done in less time.

အချိန်ကို စနစ်တကျ စီမံခန့်ခွဲအသုံးပြုတတ်သူတွေဟာ အလုပ်ကို ခက်ခဲပင်ပန်းစွာ မလုပ်ဘူး။ စမတ်တကျလုပ်တယ်။

ဒါကြောင့် သူတို့ဟာ အချိန်အနည်းငယ်အတွင်းမှာ အလုပ်အများကြီးကို ပြီးအောင်လုပ်နိုင်တယ်။

အချိန်တိုအတွင်းမှာ အလုပ်အများကြီးကို ပြီးအောင်လုပ်နိုင်ဖို့ဆိုရင်…

အချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲ?

၁။ ချက်ချင်းလုပ်ရမည့် အလုပ်။ ရေရှည်လုပ်ရမည့် အလုပ်ကို သိမြင်ပါ။

(Urgent and gradual actions)

၂။ ချက်ချင်းလုပ်ရမည့် အလုပ်တွေကို ချရေးပါ။

(List what to do)

၃။ အရေးကြီး/မကြီး ခွဲပါ။

(Divide what are priorities)

၄။ အချိန်နှင့် အလုပ်ကို တွဲ သတ်မှတ်ပါ။

(Time within activities)

၁။ ချက်ချင်းလုပ်ရမည့် အလုပ်။ ရေရှည်အလုပ်ကို သိပါ။ (Urgent and long-term actions)

အောင်မြင်မှုကို ဆာလောင်ငတ်မွတ်နေတဲ့ လူတွေမှာ လုပ်စရာအလုပ်တွေ အလွန်များပါတယ်။

အလုပ်နှင့်အချိန်ကို စီမံခန့်ခွဲနည်းလမ်းကို မပိုင်တဲ့လူတွေဟာ ဘာကိုစလုပ်လို့ လုပ်ရမှန်းမသိတော့ပဲ ခေါင်းတွေ ပူထူနေတတ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို သိရင်လွယ်ပါတယ်။

များလွန်းတဲ့လုပ်စရာတွေကို ဒီနေ့ အပြီးသတ်ရမည့်အလုပ်၊ တစ်ပတ်အတွင်း၊ တစ်လအတွင်း၊ တစ်နှစ်အတွင်း၊ နှစ်တို နှစ်ရှည် လုပ်သွားရမယ့် အလုပ်၊ ဆိုပြီးတော့ ခွဲခြားမြင်ထားပါ။

ဥပမာ - လူတွေနှင့် အလုပ်ကိစ္စဆွေးနွေးဖို့ ချိန်းထားတဲ့ အလုပ်ဆိုရင် သတ်မှတ်နေ့ရက်၊ အချိန်တိုအတွင်းမှာ အရောက်သွားရမယ်။ အပြီးဖြတ်ရမယ်။

ကိုယ့်ဘဝအောင်မြင်မှု စီမံကိန်းကို သွားတဲ့အခါကျတော့ တစ်ရက်နဲ့ တစ်လနဲ့ အပြီးဖြတ်လို့ မရတဲ့ အလုပ်ဖြစ်သွားပြီ။ သတ်မှတ်ချိန် Time bound, deadline နှင့် သွားရမယ့် နှစ်ရှည် အလုပ် ဖြစ်သွားပြီ။

ဒီလိုရက်ပိုင်းအတွင်း လုပ်ရမယ့် အလုပ်၊ နှစ်စဉ်အလိုက် လုပ်ရမည့်အလုပ်တွေကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိမြင်ထားရမှာ ဖြစ်တယ်။

၂။ ချက်ချင်း လုပ်ရမည့်အလုပ်တွေကို ချရေးပါ။ (List what to do)

တစ်ရက်ကုန်ပြီးတိုင်း နောက်တစ်နေ့အတွက် အလုပ်တွေကို အစဉ်တိုင်း ချရေးပါ။ အသစ် စရမယ့် စီမံကိန်းတွေလည်း ပါ၀င်လာနိုင်တယ်။ လုပ်လက်စ ဆက်သွားရမယ့်အလုပ်တွေ ပါ၀င်မယ်။ နောက် သတ်မှတ်ချိန် ပြည့်သွားလို့ အပြီးသတ်ရမယ့် ပရော့ဂျက် လုပ်စရာတွေ ပါ၀င်နိုင်တယ်။

ဘယ်လို Reason တွေပဲ ပါ၀င်နေပါစေ တစ်နေ့တာ လုပ်ငန်းစဉ်ထဲမှာ ချရေးပါ။ မေ့ကျန်ရစ်တာပဲ ဖြစ်ဖြစ်၊ သိလျက်နဲ့ ချန်ထားရစ်တာပဲ ဖြစ်ဖြစ်၊ နေ့တွေ လုပ်စရာအကြွေးတွေ များလာရင် အလုပ်ပိသွားတတ်ပါတယ်။

ဒီလို အလုပ်ပိသွားတဲ့လူတွေဟာ အောင်မြင်မှု ရလာဒ်အစား၊ ကျရှုံးမှု ရလာဒ်ကို မလိုချင်လဲ နောက်ဆုံးလက်ခံရမယ်။ အရှုံးသမား ဖြစ်သွားမယ်။

ဒါ့ကြောင့် နောက်နေ့ လုပ်စရာတွေကို ချန်မထားရစ်ပဲ၊ မေ့မကျန်စေပဲ အစဉ်တိုင်း ချရေးပါ။

၃။ အရေးကြီး/မကြီး ခွဲပါ။ (Divide what are priorities)

၂-အချက်က ချရေးထားတဲ့ အလုပ်များထဲက တစ်ရက်တည်း တစ်ချိန်တည်းမှာ တခါတခါ လုပ်စရာတွေများနေလို့ ခေါင်းစားရတဲ့ အချိန်တွေရှိမယ်။ ဒီလိုမဖြစ်ဖို့ ပထမဦးစားပေး အရေးတကြီး လုပ်ရမယ့် အလုပ်။ ဒုတိယ ဦးစားပေး အလုပ်။ တတိယ ဦးစားပေးအလုပ် ဟူ၍ စုလိုက်ပါ။

ပထမဦးစားပေးအလုပ်ကို မနက်၊ နေ့လည်၊ သို့မဟုတ် ညနေ ဘယ်နှစ်နာရီ၊ ဘယ်နေရာမှာ အချိန် ဘယ်လောက် အသုံးပြုမယ်…ဆိုတာ တခါတည်း ဇယားဆွဲထားပါ။

အလုပ်အခြေအနေအရ အချိန် တိုး/လျော့ ဖြစ်ခဲ့ရင်လည်း ဒုတိယဦးစားပေးအလုပ်ကို မထိခိုက်ဖို့ လှမ်းအကြောင်းကြားတာပဲဖြစ်ဖြစ် လတ်တလော ဖြတ်ထိုးဥာဏ်ဖြင့် အဖြေရှာ ဖြေရှင်းနည်းကိုလည်း ကြိုတွေးထားပါ။

အလုပ်များပေမယ့် နည်းလမ်းသိထားရင် ခေါင်းအေးအေးနဲ့ အလုပ်တစ်ခုချင်းစီ အချိန်အနည်းငယ်အတွင်းမှာ စမတ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၄။ အချိန်နှင့် အလုပ်ကို တွဲ သတ်မှတ်ပါ။ (Time within activities)

လုပ်ရမည့် အလုပ်တွေကိုသိရင် ထိုအလုပ်တစ်ခုချင်းစီရဲ့ သုံးသင့်တဲ့ အချိန်ကိုလည်း ကြိုတွက်ထားရမယ်။ သုံးတတ်ရမှာ ဖြစ်တယ်။ အချိန်အလေအလွင့် မဖြစ်ဖို့ လိုအပ်သလို၊ ရလာဒ်မထွက် အကျိုးမရှိတဲ့ အလုပ်မျိုး မဖြစ်ဖို့လည်း အထူးသတိပြုရမှာ ဖြစ်ပါတယ်။

သူများဘောကန်နေတာကို အလုပ်တစ်ခုလို အချိန်အလေအလွင့် ဖြစ်နေတာမျိုး။ လဖက်ရည်ဆိုင်မှာထိုင် လေပေါတာမျိုး။ လမ်းဘေးမှာ ဂိမ်းကစားတာ။ ကြက်တိုက်တာတွေမှာ နာရီပေါင်းများစွာ အလဟဿ ဖြစ်သွားတာမျိုးတွေဟာ အောင်မြင်မှုကို ဆာလောင်ငတ်မွတ်နေတဲ့ လူတစ်ယောက်အဖို့ လုံး၀ အဖြစ်ခံလို့မရတဲ့ အရာတွေပါ။

ဒါ့ကြောင့်မို့ အလုပ်တွေကို တစ်နာရီအတွင်း။ တစ်ရက်အတွင်း။ တပတ်အတွင်း။ တစ်လအတွင်း။ တစ်နှစ်အတွင်း ပြီးအောင်လုပ်ရမယ့် အလုပ်တွေ ရှိသလို။ငါးနှစ်စာ Plan ချ

သွားရမယ့် အလုပ်။ ဆယ်နှစ်စာ plan ချ လုပ်ရမယ့် အလုပ်။

အဲလိုပဲ နှစ်ငါးဆယ် စီမံကိန်း။ နှစ်တစ်ရာ စီမံကိန်း ဆိုတာတွေဟာ လူတစ်ဦးချင်းစီ။ ကုမ္ပဏီတစ်ခုချင်းစီ။ နိုင်ငံတစ်ခုချင်းစီမှာ စီမံကိန်းတွေနှင့် သွားနေကြတာချည်း ဖြစ်ပါတယ်။

ကိုယ်ပိုင်အချိန်။ ကိုယ့်ရဲ့ လက်ကျန် အသက်အပိုင်းခြား ကာလအတွင်းမှာ ဘယ်အချိန် (အသက်ရွယ်) မှာ ဘာလုပ်မယ်လို့ စီမံကိန်းများ အောင်မြင်ခြင်းနှင့်အတူ ရှေ့ဆက်နေရတာဟာ အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ရခြင်းပါပဲ။

အောင်မြင်ချင်ရင် ဒီလို စီမံကိန်းတွေကို အချိန်သတ်မှတ်ချက်တွေနဲ့ စနစ်တကျ ချမှတ်နိုင်ရမယ်။ ဒီလို ရေတို ရေရှည် စီမံကိန်းတွေကို ချမှတ်နိုင်ဖို့ဆိုရင်...

၁။ လေ့လာသင်ယူမှု အားကောင်းနေရမယ်။(Willing to learn)

၂။ စာများများ ဖတ်ပေးရမယ်။ (Today reader tomorrow leader or winner)

ဒီနှစ်ချက် မရှိတဲ့လူတွေမှာ မနက်ဖန်ရက်မှာ ဘာလုပ်ရမယ်ဆိုတဲ့ စီမံကိန်း(အလုပ်နှင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲ အသုံးချခြင်း/ Time management skill)ကိုတောင် ချမှတ်နိုင်မှာ မဟုတ်ပါဘူး။

မနက်ဖန်မှာလုပ်မယ့် စီမံကိန်းကိုတောင် မချမှတ်နိုင်တော့တဲ့ ထိုလူမှာ အနာဂါတ်မှာ အောင်မြင်သော၊ လှပသော ဘ၀ဆိုတာလည်း ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးအကြံပြုလိုတာက...

၁။ ကိုယ့်အလုပ်အပေါ် အာရုံစိုက်ပါ။ (Focus on what you are doing)

၂။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲ အသုံးချနည်း (Time Management Skill)ကို လက်တွေ့ ကျင့်သုံးပါ။

၃။ အမြဲလေ့လာသင်ယူနေခြင်း Income တံခါးကို ဖွင့်ထားပါ။

၄။ စာများများဖတ်ပါ။

ထူးချွန်အောင်မြင်ကြပါစေ. . .


3 image 1       
28 October 2023 | 10:37 PM
ဗဟုသုတ ရရှိစေလို့ ကျေးဇူးပါ -

O.J.F.M

The purpose of the Online Job Fair Myanmar is to provide save your time and money, job opportunities through direct contact with employers and employees.

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.