ဘွဲ့ရလူငယ်တစ်ယောက်ဟာ ကုန်တိုက်ကြီးတစ်ခုမှာ အလုပ်ရတယ်။ ပထမဆုံးနေ့အဖြစ် အလုပ်ဝင်တယ်။ မန်နေဂျာက သူ့ကို တံမြက်စည်းတစ်ချောင်း ပေးရင်း ခုလို ပြောလိုက်တယ်။
မန်နေဂျာ . . "မင်း ပထမဆုံး လုပ်ရမှာက ကုန်တိုက်ကို တံမြက်စည်း လှည်းရမယ်"
လူငယ် . . . "ဆရာ၊ ကျွန်တော်က ဘွဲ့ရပြီးသူ တစ်ယောက်ပါ"
မန်နေဂျာ . . "ဆောရီးကွာ။ မင်း ဘွဲ့ရတစ်ယောက်ဆိုတာ ငါ မသိလို့ပါ။ ကဲ၊ တံမြက်စည်း ပြန်ပေး။ ငါ မင်းကို ဘယ်လို တံမြက်စည်းလှည်းရမယ်ဆိုတာကို ပြမယ်"
Reader's Digest မှာ ဖတ်လိုက်ရတဲ့ စာပုဒ်လေးပါ။
ဒီစာလေးဟာ ရုတ်တရက် ဟာသလို့ ထင်ရပေမယ့် အဓိပ္ပာယ် အများကြီး ရှိပါတယ်။
ဘွဲ့ရတစ်ယောက်မို့ အောက်ခြေသိမ်းအလုပ်ကို မလုပ်ချင်ဘူးဆိုရင် သူဟာ အောက်ခြေက အလုပ်တွေကို နားလည်မှာ မဟုတ်ပါဘူး။ တကယ်လို့ သူဟာ ရာထူးတက်သွားရင်လည်း အလုပ်မှာ ကြာကြာခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အောက်ခြေက အလုပ်ကို သူ နားမလည်လို့ပါ။
ဒါကြောင့် ဘွဲ့ရပြီး အလုပ်ဝင်မယ့် လူတွေကို မှာချင်ပါတယ်။ အလုပ်ဝင်တာနဲ့ ငါဟာ ဘွဲ့ရတစ်ယောက်ဆိုတာကို မေ့ထားပါ။ ဘွဲ့ရဆိုတာကို ခေါင်းထဲမှာ စွဲထားရင် အောက်ခြေအလုပ်တွေကို လေ့လာမှာ မဟုတ်ပါဘူး။ တစ်ခုသိထားဖို့က ကုမ္ပဏီကြီးတွေရဲ့ CEO တွေဟာ အောက်ခြေက အလုပ်တွေကို ကောင်းကောင်းသိကြတယ် ဆိုတာပါ။
Credit #ဗန်းမော်သိန်းဖေ