Manager ကြီးဖြစ်ချင်တယ်
13 April 2023

ဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီဆိုကတည်းက တစ်ခုခုကိုမျှော်လင့်ပြီး လုပ်ကြတာချည်းပါပဲ။

လစာကြောင့်ပဲဖြစ်ဖြစ်၊ တိုးတက်ဖို့ ရာထူးတိုးဖို့ အခွင့်အလမ်းကောင်းလို့ပဲ ဖြစ်ဖြစ်၊ Experience လိုချင်လို့ပဲ ဖြစ်ဖြစ်ပေါ့။ ပျော်လို့လုပ်တယ်ဆိုရင်တောင် ဒီအလုပ်ကရတဲ့ စိတ်ချမ်းသာမှုကိုမျှော်လင့်နေတာပါပဲ။

အလုပ်တစ်ခုမှာ ပုံမှန်လေး ကြိုးစားတဲ့သူတစ်ယောက်ဟာ လစာလေးပုံမှန်တိုးနေရင်းကနေ ၂ နှစ်၊ ၃ နှစ်လောက်ကြာလာတဲ့အခါ ရောဂါတစ်ခုတိုးလာတတ်ပါတယ်။

အဲဒါကတော့ ရာထူးတိုးချင်တာပါပဲ။ ကြာလေဆိုးလေဖြစ်တဲ့ ဒီရောဂါဟာ ကိုယ့်ထက်ကျွမ်းကျင်မှုသာလွန်ပေမယ့် ကိုယ့်လောက်လုပ်သက်မရင့်တဲ့ Junior က ကိုယ့်ကိုကျော်ပြီး ရာထူးတက်သွားတဲ့အခါမှာတော့ "ယမ်းပုံမီးကျသလို" ပေါက်ကွဲပါတော့တယ်။

အရည်အချင်းရှိသူကိုတန်ဖိုးထားတဲ့ အုပ်ချုပ်ရေးကို အပြစ်တင်တယ်၊ အတင်းလိုက်ပြောတယ်၊ ရာထူးတက်သွားတဲ့ Senior ကို ကလန်ကဆန်လုပ်တယ်။

နောက်ဆုံးတော့ ကိုယ်ပဲ ငပွကြီးဖြစ်ပြီး အဆိုးဆုံးအနေနဲ့ အလုပ်ထွက်ရတဲ့ အထိဖြစ်သွားတတ်ပါတယ်။ မထွက်ဘူးဆိုရင်တောင် ကိုယ့်ရဲ့ "Negative thoughts"တွေက ကိုယ့်ကို ပြန်သတ်ပြီး လက်ရှိနေရာမှာပဲ ကျောက်ချနေရပါတော့တယ်။

စာဖတ်သူအနေနဲ့ အခုလိုအခြေအနေမျိုးစပြီး ကြုံတွေ့နေရပြီဆိုရင်တော့ ကိုယ့်အတွေးတွေအကုန်လုံးကို ရှင်းထုတ်ပြီး ဒီ Post ကို ခေါင်းအေးအေးနဲ့ ဖတ်စေချင်ပါတယ်။

ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ပြီးသွားပြီဆိုရင်လည်း စိုးရိမ်စရာမရှိပါဘူး။ မနက်ဖြန်တိုင်းဟာ သင့်ရဲ့ ဒုတိယအခွင့်အရေးတွေချည်းပါပဲ။ လက်မလျှော့သေးသ၍ သင်မရှုံးသေးပါဘူး။

ဒီ Post ကို ဆက်ဖတ်ပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ပါ။ ကျိန်းသေပေါက် တစ်ခုခုထူးခြားသွားမှာ သေချာပါတယ်။

မန်နေဂျာဖြစ်ချင်တဲ့၊ မဖြစ်သေးတဲ့ဝန်ထမ်းတွေအပြင် Senior Management ရာထူးအထိ တက်လှမ်းချင်တဲ့ ဝန်ထမ်းတွေအနေနဲ့ Manager သေးသေးလေးကနေ Director Level အထိ မရှိမဖြစ်လိုအပ်တဲ့ Skill ၃ခုကို သိကိုသိထားဖို့လိုအပ်ပါတယ်။ အဲဒီ Skill တွေကတော့

1. Technical Skill

(ပညာရပ်ဆိုင်ရာကျွမ်းကျင်လိမ္မာမှု)

2. Human Skill

(လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်လိမ္မာမှု)

3. Conceptual Skill

(အတွေးအခေါ်၊အယူအဆဆိုင်ရာ ကျွမ်းကျင်လိမ္မာမှု) တို့ပါပဲ။

ပထမဆုံးပြောချင်တာက Technical Skill နဲ့ပတ်သက်လို့ပါ။ မြန်မာလို ဆီလျော်အောင်ဥပမာပေးရရင်တော့ အောက်သက်ကျေတာကိုပြောတာပါ။

အရောင်းသမားဆိုလည်း အရောင်းသမားအလျောက် Selling Skill တွေကို ကြေညက်နေရမယ်။ နယ်မြေကျွမ်းကျင်ရမယ်။

ကိုယ့်ထုတ်ကုန်တွေအကြောင်း ဒိုးဒိုးဒေါက်ဒေါက် ရွတ်နိုင်နေရမယ်။ စိတ်ရှည်သည်းခံတတ်ရမယ်။ အကင်းပါးရမယ် စတဲ့ အရောင်းသမားတို့တတ်သင့်တဲ့ပညာတွေအပြင် အဆင့်မြင့် ပညာတွေကိုလည်းကြိုတင်ဖြည့်ဆည်းလေ့လာထားရမယ်။

ဘာကြောင့်လဲဆိုတော့ Technical skill မပြည့်စုံဘဲ ကံသီလို့ပဲ ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် Sales Manager ဖြစ်သွားတဲ့အခါ ကိုယ့် Team တစ်ခုလုံးရဲ့ ဟားစရာ ပစ်မှတ်ကြီးဖြစ်လာပါလိမ့်မယ်။

အမဲမလိုက်တတ်တဲ့ ခြင်္သေ့ဟာ မြေခွေးလောက်တောင် မစွမ်းပါဘူး။ Technical Skill တွေနဲ့ပက်သက်လို့ တခြားသူတွေထက်ပိုကျွမ်းကျင်နေပြီလားလို့ ဆန်းစစ်ကြည့်ပါ။

ပြည့်စုံနေသော်လည်း ရာထူးမတက်သေးရင်တော့ နောက်ထပ် Skill တစ်ခုအကြောင်းကိုထပ်လေ့လာကြည့်ပါ။

ဒုတိယပြောချင်တာကတော့ Human Skill ပါပဲ။ ကျွန်တော်တို့ဟာ လူတွေဖြစ်တဲ့အတွက် နေ့စဉ်အလုပ်ခွင်မှာပေါင်းသင်းဆက်ဆံနေရတာလည်း လူတွေပါပဲ။

လူတွေမှာ ခံစားချက်ရှိတဲ့အတွက် သင့်မှာလည်း သင့်အပူနဲ့၊ သူတို့မှာလည်း သူတို့အပူနဲ့ပါ။ ကိုယ်ချင်းစာတယ်ဆိုတာပြောဖို့လွယ် လုပ်ဖို့ခက်ပါတယ်။

အဓိကကတော့ သူတို့မှာလည်း သူတို့ရဲ့ ကိုယ်ပိုင် Story တွေနဲ့ရှင်သန်နေရတယ်ဆိုတာလေးကို နားလည်ပေးလိုက်ရုံပါပဲ။

ဒီတစ်ချက်လေးကို ကျင့်သုံးလိုက်တာနဲ့တင် သင့်ရဲ့ ပြုမူပြောဆိုဆက်ဆံပုံတွေဟာ ပြောင်းလဲလာမှာဖြစ်သလို သင့်အလုပ်ရှင်၊ Senior နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သင့်အပေါ်ဆက်ဆံရေး၊ ယုံကြည်မှုတွေဟာလည်း သိသိသာသာတိုးတက်လာပါလိမ့်မယ်။

အောက်သက်ကျေတဲ့အပြင် လူတွေချစ်ခင်လေးစားတဲ့ သူတစ်ယောက်ဟာ အောင်မြင်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး။

ဒါကြောင့်လည်း Human Skill ဟာ Management Level တိုင်းရဲ့ အဓိကလိုအပ်တဲ့ Skill ဖြစ်နေရတာပါပဲ။

နောက်ဆုံးကျန်တာကတော့ Conceptual Skill ပါ။ First line manager လေးစဖြစ်ချိန်က စလို့ မွေးမြူပျိုးထောင်သွားရတဲ့ ဒီ Skill ဟာ ရာထူးကြီးလာလေ၊ ပိုပြီးလိုအပ်လာလေပါပဲ။

အဖွဲ့အစည်း တစ်ခုလုံးရဲ့ ခံယူချက်နဲ့ မျှော်လင့်ချက်တွေကိုထမ်းပိုးပြီး အရာရာကို ခြုံငုံလေ့လာသုံးသပ်တတ်လာပါမယ်။

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂါတ်ကို တပြိုင်နက်တည်းမြင်တတ်လာပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်ကြီးတွေကို ချဖို့ လိုအပ်တဲ့ Skill တစ်ခုပါပဲ။ ပျိုးထောင်သွားဖို့ နည်းလမ်းကလည်း ရိုးရှင်းပါတယ်။

အခြေခံဝန်ထမ်းဘဝကတည်းက နေ့စဉ်သမရိုးကျလုပ်ငန်းတာဝန်တွေအပြင် သင့်ရဲ့ အဖွဲ့အစည်းအတွက် တတ်နိုင်တဲ့ လုပ်ပိုင်ခွင့်ဘောင်လေးထဲကနေ ဘာလုပ်ပေးလို့ရမလဲ စဉ်းစားကြည့်လိုက်ပါ. . .

ပြီးရင် ကိုယ့် မန်နေဂျာကိုတင်ပြပြီး လက်တွေ့လုပ်ကြည့်ပါ၊ တာဝန်ယူစိတ်ရှိပါ၊ ကိုယ့် Action တစ်ခုဟာ ဘယ်လို အကျိုးဆက်တွေဖြစ်သွားနိုင်လဲဆိုတာကိုလေ့ကျင့်ရင်း "Critical thinking behavior" ကို မွေးမြူပါ။

အခုဆိုရင် Managerial Skill ၃ ခုနဲ့ပတ်သက်ပြီး စုံစုံလင်လင် သိသွားပြီဆိုတော့ ဘယ်လို Manager တွေက ဘယ်လို Skillတွေကို Focus ထားသင့်သဲဆိုတာပြောပြပါမယ်။

First-line Manager တွေကတော့ Conceptual Skill ကိုစတင်တည်ဆောက်ပါ။ Human skill နဲ့ Technical skill တွေကို ပြည့်အောင်ဖြည့်ပါ။

Middle Management အတွက်ဆိုရင် Conceptual skill ကအတော်အတန် အားကောင်းလာသင့်ပါပြီ။

Human skill ကတော့ အပြည့်ရှိနေရဦးမှာပါ။ First line Manager တွေကိုအုပ်ချုပ်ဖို့ Conceptual skill ကို ပိုမိလိုအပ်လို့ Technical skill ကို Focus နည်းနည်းလျှော့လို့ရပါတယ်။

Senior Management ဆိုရင်တော့ Conceptual skills က အဖွံ့ဖြိုးဆုံးဖြစ်နေရပါမယ်။

Human skill ကလည်းအပြည့်ရှိနေရဦးမှာပါပဲ။ ဒီလိုအချိန်မှာ Technical Skill ကို သိပ် Focus ထားစရာမလိုတော့ပါဘူး။

ဒါကLower Management ရဲ့ တာဝန်မို့လို့ပါ။ Concept ပိုင်းနဲ့ ဦးဆောင်ဖို့သာ ကြိုးစားရမှာဖြစ်ပါတယ်နော်။

လူငယ်တိုင်း နည်းမှန်လမ်းမှန်ကြိုးစားပြီး ကြိုးစားသလောက်လည်း ခရီးပေါက်ကြပါစေလို့။

#CreditDrSoe


1 image 0       
O.J.F.M

The purpose of the Online Job Fair Myanmar is to provide save your time and money, job opportunities through direct contact with employers and employees.

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.